-အောင်သူငြိမ်း-
အဖေက စိုက်ပျိုးရေးဘဏ်မှာ ဘဏ်မန်နေဂျာတဦး ဖြစ်ခဲ့ပြီး အခုတော့ ရန်ကုန်မြို့သစ်ကလေးတခုမှာ အင်မတန် နည်းတဲ့ ပင်စင်လစာနဲ့ အနားယူ နေတယ်။ အဖေက ဘဏ်မန်နေဂျာဖြစ်တော့ ကျနော်ကလည်း ဘဏ်လုပ်ငန်း အပေါ် စိတ်ဝင် တစား ရှိတတ်တယ်။ ကျနော် ဆယ်တန်းအောင်တော့ တက္ကသိုလ် မတက်ရသေးခင်မှာ ကျောင်း စရိတ်ကလေး ဘာလေး ရအောင် အဖေ့ရုံးမှာပဲ နေ့စားလုပ်အားပေး လုပ်သေးတယ်။ လပိုင်းပေါ့။ လယ်သမား တွေကို စိုက်ပျိုးရေး စရိတ် ထုတ်ချေး တဲ့ပုံ၊ လယ်သမားတွေ က တနှစ် တနှစ် သက်သာစုငွေ ပြန်ထည့်ရတာတို့၊ အဲသည်အချိန်မတိုင်ခင် မြန်မာ့စိုက်ပျိုးရေး ဘဏ် စကတည်းက ရည်ရွယ်လာခဲ့တဲ့ ကျေးလက်ဘဏ်တို့ သဘော သဘာဝ နည်းနည်း (နည်းနည်းဆိုတာမှ အတော့်ကို နည်းနည်း) တီးမိခေါက်မိ ရှိနေခဲ့တယ်။
နောက်တော့ ကျနော်က ဖြစ်ချင်တဲ့ ဘဏ်မန်နေဂျာတော့ ဖြစ်မလာပါဘူး။ ဒါပေမယ့် ကျနော့် ညီမတွေကတော့ ဘဏ်မှာ လုပ်ကြတယ်။ ညီမ တယောက်က မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်တခုမှာ မန်နေဂျာ ဖြစ်နေတယ်။ "အေ" ဘဏ်ပဲ ဆိုပါတော့။ သိရသလောက် သူက သူတို့ဘဏ်မှာတော့ အတော်စီနီယာကျတဲ့ မန်နေဂျာ ကြီး ဖြစ်နေပြီ။ ကျန်ညီမ တယောက်ကလည်း အစိုးရဘဏ်တခုမှာ ကြီးကြပ်ရေးမှူးလောက် ဖြစ်နေပြီ။
မြန်မာနိုင်ငံက ဘဏ်တွေကတော့ သိတဲ့အတိုင်းပါပဲ။ ပုဂ္ဂလိက ဘဏ်တွေကလည်း သိပ်တော့ အာမခံချက် ရှိလှတာ မဟုတ်သလို၊ ဘဏ်မပြုတ်သွားအောင်တောင် အတော် ရုန်းကန်နေကြရတယ်။ ဘဏ်စနစ်ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ဆိုတာကလည်း ဝေလာဝေး ဖြစ်နေသေးတယ်။ ၁၉၈၈ ခုနှစ်အပြီးမှာ မြန်မာနိုင်ငံ ဈေးကွက်စီးပွားရေး စတင်လာ တော့ ပုဂ္ဂလိကဘဏ်တွေလည်း အပြိုင်းအရိုင်းပေါ်လာတယ်။ အတော့်ကို အင်အားကောင်းကောင်းနဲ့ အစပျိုးလာကြ တယ်။ နောက်ပိုင်း အချို့ပုဂ္ဂလိကဘဏ်တွေက ခရက်ဒစ် အကြွေး ကပ်ပြားစနစ်တွေ စတင် စမ်းသပ်တာတွေ ရှိလာခဲ့တယ်။ ပုဂ္ဂလိက စဦးလမ်းထွင် လုပ်ငန်းရှင်တွေအတွက် ငွေချေးပေးတဲ့ လုပ်ငန်းတွေလည်း ပေါ်လာတယ်။ မြန်မာနိုင်ငံမှာ ကဒ် ပြားသုံး ငွေထုတ်စနစ် (ATM) တွေတောင် စတင်လုပ်ကိုင်တော့မလို အချို့ဘဏ်တွေက ကြေညာခဲ့တာလည်း ကြားရဖူး တယ်။ ဒါပေမယ့် လမ်းကလွဲထွက်သွားတယ်။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ အေတီအမ် (ATM) ငွေထုတ်စက် မသုံး နိုင် သေးဘူး။ (ကမ္ဘောဒီးယား၊ လာအိုမှာ လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က မရှိခဲ့ပေမယ့် အခု ရှိနေကြပြီ။) ဘဏ်တွေမှာ အချင်းချင်း ငွေပေးငွေယူ ရှင်းနိုင်တဲ့ စနစ်တွေလည်း ကောင်းကောင်း မပေါ်ထွန်းလာသေးဘူး။
၁၉၉၇ ထိုင်းနိုင်ငံကနေ တဆင့် အာရှစီးပွားပျက်ကပ် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တွေ လည်း ထိကြတယ်။ ၂၀၀၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်ကြီးတွေမှာ ငွေကြေး ပြဿနာ အကြီးအကျယ် တက်လာခဲ့တယ်။ ၂၀၀၅ မှာတော့ ငွေကြေးခ၀ါချမှု စွပ်စွဲချက်တွေနဲ့ အာရှဓနဘဏ်နဲ့ မေဖလားဝါး ပုဂ္ဂလိကဘဏ်ကြီး တွေလည်း ဆက်လက်လုပ်ကိုင်ဖို့ လိုင်စင်ရုပ်သိမ်းခံခဲ့ရတယ်။ တခါ ၂၀၀၅ မှာပဲ မြန်မာယူနီဗာဆယ်ဘဏ်ကိုလည်း လိုင်စင် ရုပ်သိမ်းပြီး အစိုးရ စီးပွားရေးဘဏ်က ပြန်သိမ်းယူလိုက်တယ်။ ကျနော့် ညီမလုပ်နေတဲ့ ဘဏ်ကတော့ ဒီလို ကပ်ဘေး အကျပ်အတည်းကြားထဲက ဆက်လက်ရှင်သန်ပြီး ကျန်နေတဲ့ ဘဏ်တခုပေါ့။
တရက်မှာ စကားစပ်မိတော့ အလုပ်အကြောင်း ဘ၀အကြောင်းတွေ ပြောမိကြတယ်။ ကျနော့်ညီမ ဘဏ်မန်နေ ဂျာကြီးက တော့ ဘ၀အမောတွေနဲ့ပါ။
"ညီမလည်း ဘဏ်မန်နေဂျာသာ ဆိုတယ်။ တကယ်တော့လည်း သိပ်အာမခံချက် မရှိလှပါဘူး။ ဘယ်တော့ ဘဏ်ရပ်သွား မလဲဆိုတာ တထိတ်ထိတ်ရယ်" တဲ့။
တကယ်တော့ မြန်မာနိုင်ငံက ဘဏ်တွေက အမြတ်အစွန်း သိပ်မရှိလှသလို၊ လုပ်ပိုင်ခွင့်လည်း သိပ်မရှိလှပါဘူး။ မြန်မာ နိုင်ငံမှာ စစ်အစိုးရကိုယ်၌က ဘဏ်တွေကို မြင်ထားတာ အခြားသူတွေရဲ့ ပိုက်ဆံတွေနဲ့ အကျိုးအမြတ် ဖြစ်နေကြတဲ့သူ တွေလို့ မြင်တယ်။ ငွေတိုးယူ အမြတ်ကြီးစားနေတဲ့သူတွေလို့ မြင်တယ်။ လိုအပ်တဲ့ ဘဏ်ကဏ္ဍ၊ ငွေကြေး စနစ်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေလည်း ထိထိရောက်ရောက် မလုပ်ကြဘူး။ တခုခု ဖြစ်လာရင် ဘဏ် တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ်၊ မသမာ လောဘသမားတွေက ငွေကြေးမကစားနိုင်အောင် ထိန်းချုပ်ရမယ်လို့ပဲ မြင်ထားခဲ့ကြတယ်။
၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ငွေကြေးအကျပ်အတည်း ဆိုက်ခဲ့တော့ ဘဏ်တွေက ထုတ်ချေးထားတဲ့ငွေကို ချက်ချင်း ပြန်ပေးရမယ်လို့ အတင်းအကျပ် တောင်းခိုင်းခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းက စလို့ ပိုတင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်ပြီး ပိုချုပ်ကိုင်လာခဲ့တယ်။ မြန်မာတိုင်း (မ်) သတင်းစာ ဖော်ပြခဲ့ချက် အရဆိုရင် "ဘဏ်တွေရဲ့ ထုတ်ချေးငွေ အကြွေးများဟာ စုစုပေါင်း ဘဏ်မှာ အပ်နှံထားငွေရဲ့ (၈၀%) ထက် မကျော်လွန်စေရ လို့ဆိုတယ်။ အပ်နှံထားတဲ့ငွေများ အပေါ်မှာ ပြန်ထုတ်ပေးတဲ့ငွေ ပမာဏကိုလည်း (၁း ၇) အချိုးသာ ရှိစေလို့ အမိန့်ထုတ်ခဲ့တယ်။" (မြန်မာတိုင်း (မ်)၊ ၁၉-၂၅ ဇူလိုင်၊ ၂၀၀၄)။ နောက်ပိုင်းမှာတော့ အချိုး (၁း ၇) ကို နောက်ပိုင်းတွင် (၁း ၁၀) အဖြစ် နည်းနည်း လျှော့ပေါ့သတ်မှတ်ပေး ခဲ့တယ်။ အဲဒီ စည်းကမ်းတွေ အရ ဆိုရင် ဘဏ်တွေက (ငွေကြေးအရတွက်လျှင်ပင်) အမြတ်အစွန်းတောင် မရှိတော့ဘူး။ ဘဏ်လောကမှာ မကြား စဖူး ငွေအပ်နှံမှုအသစ်တွေကိုတောင် လက်ခံဖို့ ၀န်လေးတွန့်ဆုတ်နေတာ ဖြစ်လာတယ်။ အစိုးရ ကတော့ ဘဏ် တွေ မပြိုလဲစေဖို့ စေတနာနဲ့ လုပ်တာလို့ ပြောတာပေါ့။
"လခကလည်း ဘာမှ မရပါဘူး ကိုကြီးရယ်။ မြန်မာနိုင်ငံအတွက်တော့ များတာပေါ့။ ဒေါ်လာနဲ့တွက်ရင် ၁၅၀ လောက်ပဲ ရတယ်လို့ဆိုတယ်။ ကားခ၊ စားစရိတ်၊ တခြားစရိတ်တွေလည်း ကြီးလှတယ်" သူကတော့ ညည်း ရှာတယ်။
ကျနော့်ညီမ ပြောတဲ့အခြေအနေကို စဉ်းစားကြည့်နေမိတယ်။ တကယ်တော့ သူက သူ့အလုပ်နဲ့နီးတဲ့ မြို့ထဲ နေချင်ပေမယ့် မြို့သစ်မှာရှိနေတဲ့ အိမ်ကနေ မပြောင်းနိုင်သေးဘူး။ ကိုယ်ပိုင်ကားလည်း မရှိနိုင်သေးတဲ့ အခြေအနေ။ ဘတ်စ်ကားကို တိုးစီးလို့ အိမ်ပြန်၊ မဟုတ်ရင်လည်း တခြား ကြားကားရှာပြီး အိမ်ပြန်ဖို့ ကြိုးစား နေရပေလိမ့်မယ်။အိမ်ရောက်တော့ နွမ်းလျ နေပေမယ့်လည်း တခြားအိမ်မှုကိစ္စတွေ တသီတတန်းကြီး စောင့်နေနိုင်သေးတယ်။ ရုံးကနေ ကားကြိုပို့ စီစဉ်ပေးတာ ရှိသလား။ ကျနော်တော့ သိပ်မသေချာလှဘူး။ အိမ်အပြန်မှာ သူဘာတွေ စဉ်းစားနေမှာလဲ။ အိမ်မှုကိစ္စတွေလား၊ လုပ်ငန်း တိုးတက်စေဖို့ လား။ ဘ၀မှာ တခြားလိုအပ်တဲ့ အပန်းဖြေရေး၊ သာရေး နာရေးကိစ္စတွေလား။ ဘဏ်မှာ လုပ်တဲ့အတွက် ဘဏ်က ကျန်းမာ ရေးအာမခံကိစ္စတွေရော လုပ်ထားပေးသလား။ ကျနော် မသေချာလှဘူး။ ပုဂ္ဂလိကဘဏ်ဖြစ်တဲ့အတွက် အနားယူ တဲ့အခါ ပင်စင်ကိစ္စတွေရော ဘယ်လိုရှိမှာလဲ။ မနက်ဖြန် ဘဏ် ရုတ်ချည်း ပိတ်လိုက်ရတဲ့ အခြေ အနေမျိုးမှာ ၀န်ထမ်းတွေ လျော်ကြေးကိစ္စက ဘယ်လိုရှိမှာလဲ။ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်ပြီး ဘဏ်လုပ်ငန်း ကြီးထွားစေဖို့ ကိစ္စမျိုးကို စဉ်းစားနေ မှာလား။ အခုလို ကမ္ဘာ့စီးပွားပျက်ကပ်ကနေ မြန်မာဘဏ်တွေအပေါ် ဘယ်လိုရိုက်ခတ်လာနိုင်သလဲ ဆိုတာ များ စဉ်းစား နေမှာလား။ တန်ပြန်ကာကွယ်ရေးအတွက် ဗျူဟာတွေ ဘယ်လိုချမှတ်ရမလဲ စဉ်းစားနေမှာလား။ အော်...တနှစ်တခါ တောင် ဘ၀အမောတွေ ပြေစေဖို့ Vacation အလည်အပတ် အပန်းဖြေခရီးထွက်နိုင်ရဲ့လား॥ စဉ်းစားနေမိတယ်။
ဒါမှမဟုတ်ဘဲ အိမ်မိုးယိုလို့ ပြင်ရမယ့်ကိစ္စ၊ မကျန်းမာတဲ့ ဖခင်နဲ့ မိခင်အိုကြီးရဲ့ ကျန်းမာရေးကိစ္စတွေ၊ အိမ်စားရေး သောက် ရေးကိစ္စ၊ ကလေးတွေရဲ့ ကြီးမြင့်လာနေတဲ့ ပညာရေးစရိတ်ကိစ္စတွေ စဉ်းစားနေမှာလား။ ဒီလိုနဲ့ နောက် တနေ့ပြန်ထ၊ သောကတွေနဲ့ အပူတွေနဲ့ ရုံးပြန်သွားရတာလည်း ဖြစ်နိုင်တယ်။
ကျနော့်သူငယ်ချင်းရဲ့ သူငယ်ချင်းပဲ ဆိုပါတော့။ သူက အဲသည် ပုဂ္ဂလိကဘဏ်မှာ အသက်ငယ်ပေမယ့် ရာထူး တာဝန် ကြီးကြီး ယူထားရသူပေပဲ။ ကျနော်က သူတို့ကားနဲ့ ကားကြုံလိုက်စီးရင်း သိချင်တာလေးတွေ မေးဖြစ် တယ်။ အဲဒီ အမျိုးသမီးဘဏ် မန်နေဂျာကလည်း ကျနော်သိချင်တာတွေကို သူ့ကား သူမောင်းနေရင်းက ဖြေ ရှာတယ်။ သူကတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေပုံပါပဲ။
သူတို့ (ကေ) ဘဏ်က အခုကာလမှာ အပြောင်းအလဲ အကြီးအကျယ်လုပ်နေတဲ့အကြောင်း ပြောပြတယ်။ အခုလို ကမ္ဘာ့ စီးပွားပျက်ကပ် ဖြစ်နေတဲ့အချိန်မှာ ဘဏ်ရှင်သန်ရပ်တည်ရေးအတွက် အပြောင်းအလဲကြမ်းကြီး တခုလုပ်နေရတဲ့ အကြောင်းလဲ ပြောတယ်။ သူတို့က ထိုင်းနိုင်ငံထဲကပဲ အခြား ဘဏ်တခုကို သူတို့နဲ့ အပြိုင် အဖြစ်ထားလို့ ယှဉ်ပြိုင်လုပ် နေရတဲ့အကြောင်းလည်း ပြောပြသေးတယ်။
အဲသည် ဆီယမ် ကော်မာရှယ် ဘဏ် (Siam Commercial Bank) က ဘဏ်ခွဲ ထိုင်းနိုင်ငံထဲမှာ ဘဏ်ခွဲပေါင်း (၉၅၀) ကျော်ရှိတယ်။ သူတို့ဘဏ်က ဘဏ်ခွဲချင်းယှဉ်ရင် (၃ ပုံ ၂ ပုံကျော်) လောက်ပဲ ရှိတဲ့အကြောင်း ပြောပြတယ်။ အဲသည် တော့ ဘဏ်ခွဲတွေ ထပ်တိုးချဲ့ မလား၊ အခြား နည်းလမ်းတခုကို သုံးမလားဆိုတာ ဗျူဟာအရ စဉ်းစားလာရကြောင်း ပြောတယ်။
ကျနော်တို့က ခရီးဝေး သွားနေကြတော့ စကားလေပေး ပိုလို့ရှည်ဖြစ်ကြတယ်။
"ကျမတို့ ဘဏ်ခွဲတွေမှာ မန်နေဂျာတွေဆိုရင် အမေရိကန်၊ သြစတြေလျ၊ စသဖြင့် အနောက်နိုင်ငံတခုခုက မာစတာ (မဟာဘွဲ့) ရလာသူတွေကို ဦးစားပေးခန့်တယ်။ ထိုင်းနိုင်ငံက ဆိုရင်လည်း ထိပ်တန်းတက္ကသိုလ်ကြီး ၅-ခု ဖြစ်တဲ့ ချူလာ လောင်ကွန်၊ မဟီဒေါ၊ သမ္မာဆတ်... စသဖြင့် တက္ကသိုလ်တွေက ဘွဲ့လွန်ရလာသူတွေကိုပဲ ခန့်ထားတယ်" သူက ကြွား သလို ပြောလာတယ်။ သူကိုယ်တိုင်ကလည်း အင်္ဂလိပ်လို အပြောကောင်းသလို၊ သမ္မာဆတ်တက္ကသိုလ်က ဘွဲ့လွန်တခု ရထားသူပဲ။ အခုရတဲ့ လစာကလည်း ကောင်းလှတယ်။ ဒေါ်လာ ၂ ထောင်ကျော် အထက်မှာ ရှိတယ်။
"အခု အပြောင်းအလဲလုပ်တဲ့ အချိန်မှာတော့ ဒီမန်နေဂျာတွေလည်း ပြင်တာကို လိုက်ရင်လိုက်၊ မလိုက်ရင် ထွက်ပဲ။ ဘဏ် ထိန်းသိမ်းရေးစနစ် တခုလုံးကို ပြင်နေကြတာကိုး။ Take it or Leave it ပေါ့။" သူက ပြောတယ်။
သူတို့ (ကေ) ဘဏ်က ဘဏ်ခွဲတွေ ထပ်တိုးဖွင့်ဖို့ မစဉ်းစားတော့ဘဲ အခြား အသေးစားနဲ့ အလတ်စား စက်မှု လက်မှု လုပ်ငန်း (SME) တွေကို ငွေထုတ်ချေးတဲ့ဘက်ကို အထူးပြုဖို့ စဉ်းစားခဲ့ကြတယ်လို့ ပြောတယ်။ အရင်ကလည်း သူတို့ ဘဏ်က စိုက်ပျိုးရေးဘဏ်သဘောမျိုး လယ်သမားတွေကို စိုက်ပျိုးရေးစရိတ် ထုတ် ချေးတဲ့ဘဏ် ဖြစ်ခဲ့ဖူးတော့ အခုတော့ လုပ်ငန်းငယ်တွေကို ငွေအပ်၊ ငွေချေးစေတဲ့ ဘက်ကို တိုးချဲ့ဖို့ ကြိုးစား လာပုံရတယ်။
"အဲဒါအပြင် ကျမတို့ဘဏ်က ဘဏ်မှာငွေအပ်တဲ့သူတွေကို အခမဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံရင် ကောင်းမယ်ဆိုတဲ့ အကြောင်း အကြံပေးသေးတယ်။ ဒါကတော့ ဘဏ်ကို ဖောက်သည်များလာအောင် အခမဲ့ဝန်ဆောင်မှုပေးပြီး ဆွယ်တဲ့သဘောပါပဲ"။ သူက ပြောတယ်။ မန်နေဂျာတွေ၊ ၀န်ထမ်းတွေအဖို့ အပြောင်းအလဲမှာ သင်တန်းတွေ၊ လုပ်ငန်းအသစ်တွေနဲ့ ယဉ်ပါး ကျွမ်းဝင်အောင် လုပ်နေကြရတော့ ဘယ်လောက်ပင်ပန်း ရုန်းကန်ကြရမယ် ဆိုတာလည်း တွေးနေမိတယ်။ ထိုင်းနိုင်ငံမှာ ကလည်း စတော့ဈေးကွက်က အတော်ဖွံ့ဖြိုးပြီးသားဆိုတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အခြားရွေးလမ်းတွေလည်း များလာတယ်။
ဒီအမျိုးသမီးငယ်က ပိန်ပိန်ပါးပါး။ အသက်က ၃၀ ကျော်ရုံမျှသာ။ ဒါပေမယ့် သူထမ်းဆောင်နေရတဲ့ တာဝန် ဘယ်လောက် ကြီးတယ်ဆိုတာလည်း သူ့စကားတွေက ခန့်မှန်းမိတယ်။
"ကျမတို့ ဘဏ်စနစ်တခုလုံး ပြင်နေတာကို ကျမ ဦးဆောင်နေရတယ်။ အဲဒီ ပရောဂျက် (Project) က ဘတ် ၆၀ ဘီလီယံ (အမေရိကန် ဒေါ်လာခန့်မှန်း ၁၈၁ သန်းလောက်) ရှိတယ်။ အဲဒီအတွက် တခါတလေ နိုင်ငံခြား ရက်တို သင်တန်းတွေ သွားရတယ်။ နိုင်ငံခြားက ဖောက်သည်တွေနဲ့ နေ့စဉ်နဲ့အမျှ ပြောဆိုနေရတယ်" သူအင်္ဂလိပ် စကား ကောင်းတာကို ချီးကျူး မိတော့ သူ့တာဝန်ကိုလည်း ခပ်ကြွားကြွားဖော်ပြရင်း ပြောလာတယ်။
ကျနော်က သူတို့လုပ်ငန်း ပမာဏကို ခန့်မှန်းတွက်ဆမိသလို၊ သူတို့ ရှင်သန်ရုန်းကန်နေပုံ သဘာဝက ကျနော်တို့ နိုင်ငံနဲ့ အများကြီး ကွာခြားသွားခဲ့ပြီဆိုတာ မှတ်ချက်ချမိတယ်။ သူတို့ကိုယ်တိုင်က ကမ္ဘာကြီးထဲ ၀င်ပြေးနေကြပြီ။ ၀င်ယှဉ်နေကြ ပြီ။ နောက်တက်လူငယ်တွေကလည်း ရဲရဲရင့်ရင့်နဲ့ ခြေလှမ်းကျယ်နေကြပုံ၊ လူကြီးတွေကလည်း သူတို့ကို လူငယ်လို့ ချန် မထား၊ လေးလေးစားစား တာဝန်ပေးကြပုံတွေကို တွက်မိတယ်။ ဒါတင်မက စနစ်ကို စီမံခန့်ခွဲနေတဲ့ ယန္တယားရှုပ်ထွေးလာ ပုံကိုလည်း တွက်ဆနေမိတယ်။
မြန်မာတွေက ငွေရှိရင် ရွှေဝယ်စုတယ်။ ဘဏ်မှာ ထားဖို့မစဉ်းစားခဲ့ကြတာ ကိုလိုနီခေတ်ကတည်းက မဟုတ် ဘူး။ ယခု တိုင်ပဲ။ လွတ်လပ်ရေး ရပြီးတော့လည်း စီးပွားရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရခဲ့တာက တခဏ တည်း၊ ဒီကြားထဲ ပြည်တွင်းစစ်လည်း မုန်တိုင်းထန်နေခဲ့ကြသေးတယ်။ ဒီကာလမှာတော့ အင်းဝဘဏ်၊ ရန်ကုန်ဘဏ်၊ ထားဝယ်ဘဏ်၊ BEDC ဘဏ်၊ မြန်မာအမျိုးသားဘဏ်တို့လို မြန်မာအမျိုးသားပိုင် ပုဂ္ဂလိကဘဏ် ၁၀-ခု ကျော် ပေါ်ထွက်လာခဲ့သေးတယ်။ နောက်တော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကာလမှာ ပုဂ္ဂလိက ဘဏ် တွေ နိဂုံးချုပ်သလို စွန့်စားလုပ်ကိုင်ချင်တဲ့ စိတ်ဓာတ် တွေကိုလည်း အညွန့်ကနေ သတ်ခဲ့ကြတယ်။ အခု စစ် အစိုးရလက်ထက် နှစ် (၂၀) ကျော်မှာလည်း ဈေးကွက်စီးပွားရေး သာ ဆိုတယ်။ တိတိပပ လုပ်ပိုင်ခွင့် မရကြ သေးဘူး။ စစ်အစိုးရက ထင်သလို ငွေကြေးစီမံခန့်ခွဲနေတဲ့အောက်မှာ အသက်ရှု မွမ်းကျပ်မတတ် ရုန်းကန် နေကြရရှာတယ်။ ငွေရိုက်ထုတ်လေ ငွေဖောင်းပွမှု တက်လေ ဖြစ်လာရသလို၊ တဖက်မှာလည်း ပုံမှန် စီးပွားရေးစနစ် (formal economy) က အလုပ်မလုပ်သလောက် ရှိနေပြီး၊ တလုံး (ဘောလုံး လောင်း)၊ နှစ်လုံး (စတော့ဂဏန်းလောင်း)၊ သုံးလုံး (ချဲထီ) စတဲ့ ပုံမှန် မဟုတ်တဲ့ လောင်းကစား ဆန်ဆန် စီးပွားစနစ် တွေနဲ့ သွားနေကြရရှာတယ်။
ဘဏ် မန်နေဂျာ ၂-ယောက်အကြောင်း ယှဉ်စဉ်းစားမိတာနဲ့တင် ကျနော်တို့ ဘယ်လောက် ပြတ်ကျန်နေပြီ ဆိုတာ သိသာ နိုင်တယ်။ ရုပ်ဝတ္ထုသာမဟုတ်၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု၊ ယှဉ်ပြိုင်နိုင်မှု၊ အမြင်ကျယ်မှု အားလုံး ကျန်နေခဲ့ပြီလေ။ တံခါး တွေလည်း ဖွင့်ချိန် တန်ပါပေါ့။
အောင်သူငြိမ်း
နိုဝင်ဘာလ ၇ ရက်၊ ၂၀၀၉ ခုနှစ်။










